အသည်းမှာ အရည်အိတ်တည်ခြင်း
အသည်းရောင်အသားဝါလို အသည်းခြောက်အသည်းကင်ဆာလို ရောဂါတွေကို လူတော်တော်များများ ကြားဖူးနေကြပေမယ့် အသည်းမှာ အရည်အိတ်တည်တဲ့အကြောင်းကိုတော့ ကြားဖူးသိဖူးတဲ့သူ နည်းပါလိမ့်မယ်။
ဒါကြောင့် အသည်းမှာအရည်အိတ်တည်တာက ဘယ်လိုမျိုးလဲဆိုတာ ပြောပြပေးမယ်နော်။
အသည်းအရည်အိတ်ဆိုတာက နာမည်အတိုင်း အသည်းမှာရှိနေတဲ့ အရည်တွေပြည့်နေတဲ့အိတ်တစ်ခုပါ။ များသောအားဖြင့် အသည်းအရည်အိတ်ဟာ ကင်ဆာမဟုတ်တဲ့ ရိုးရိုးအိတ်သာဖြစ်ပြီး ရောဂါလက္ခဏာတွေ ပြတဲ့အထိကြီးလာလေ့မရှိပါဘူး။
ကမ္ဘာပေါ်မှာရှိတဲ့ လူတွေရဲ့ ၅% ကနေ ၁၀% ခန့်မှာ အသည်းအရည်အိတ် ရှိနိုင်ပါတယ်။ အသည်းအရည်အိတ်အများစုဟာ မွေးရာပါဖြစ်တတ်ပြီး ဘာကြောင့်ဖြစ်ရလဲ သေချာမသိရတာက များပါတယ်။
အသက် ၃၀-၇၀ ကြားမှာ အဖြစ်များပြီး ၁၅% ခန့်ကသာ ရောဂါလက္ခဏာ ပြနိုင်ပါတယ်။ ၁-၂ % ခန့်ကသာ ကင်ဆာဖြစ်နိုင်ခြေ ရှိပြီး ထိုထဲကမှ ၃၀% ခန့်ကသာ ကင်ဆာဖြစ်နိုင်ပါတယ်။
လက္ခဏာတွေက
- ဝမ်းဗိုက်ညာဘက်အပေါ်ပိုင်း အသည်းနေရာက အောင့်နေတာ
- ဗိုက်ဖောင်းလာတာ၊ ဗိုက်ကယ်နေတာ
- ဗိုက်မှာအလုံးလိုမျိုးစမ်းမိတာ
- မစားချင်မသောက်ချင်ဖြစ်တာ
- ပျို့အန်တာ
- အသားဝါမျက်စိဝါတာ (အရည်အိတ်က သည်းခြေပြွန်ကို ပိတ်ရင်)
- ဖျားပြီး ဗိုက်ရုတ်တရက်ပိုအောင့်လာတာ (အရည်အိတ်က ပေါက်ထွက်သွားရင်) စတာတွေ ဖြစ်နိုင်ပါတယ်။
ဘယ်လိုသိနိုင်မလဲ?
- တယ်လီဗေးရှင်း ဓာတ်မှန် Ultrasound ရိုက်တာ
- ကွန်ပြူတာဓာတ်မှန် CT ရိုက်တာ
- MRI ရိုက်တာကနေတဆင့် သိနိုင်ပါတယ်။
အသည်းအရည်အိတ်အများစုဟာ ရှိမှန်းတောင်မသိရသလို လက္ခဏာလည်း မပြလို့ ကုသမှုလည်း အမြဲတစေမလိုအပ်လှပါဘူး။ ကုသမှုမလိုအပ်ဘဲ အလိုလိုပျောက်ကင်းသွားတာလည်း ရှိတတ်ပါတယ်။ တကယ်လို့ ပိုကြီးလာပြီး ရောဂါလက္ခဏာလည်းပြရင်တော့ ခွဲစိတ်ကုသတာဖြစ်ဖြစ်၊ ဆေးပေးပြီးကုသတာပဲဖြစ်ဖြစ် လိုအပ်နိုင်ပါတယ်။
ဘယ်လိုအခါမှာ ကုသဖို့လိုအပ်သလဲ?
Hydatid disease-ဒီရောဂါကတော့ ခွေးတွေ၊သိုးတွေလို တိရိစ္ဆာန်တွေကနေ မသန့်တဲ့ရေလိုမျိုးကတဆင့် ကူးစက်တာပါ။ ကပ်ပါးကောင်တွေဟာ အသည်းနဲ့ ခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာ အရည်အိတ်လိုမျိုးထဲ ဝင်ရောက်နေလေ့ရှိပါတယ်။ ဖျားတာ၊ အသားဝါတာ၊ သွေးစစ်ကြည့်ရင် သွေးဖြူဥတွေများနေတာမျိုး ဖြစ်တတ်ပြီး ကုသမှုလိုအပ်ပါတယ်။
Polycystic liver disease( PLD)- ဒါကတော့မွေးရာပါဖြစ်ပြီး အသည်းမှာ စပျစ်သီးလိုအရည်အိတ်တွေ အများကြီးပါတာပါ။ အရွယ်ရောက်တဲ့ထိ လက္ခဏာမပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ အရည်အိတ်က ပိုကြီးလာမယ်၊ ဗိုက်ဖောင်းလာပြီး နေရမသက်သာတာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ခွဲစိတ်ကုသတာ၊ ဆေးသောက်တာမျိုး လုပ်ဖို့လိုအပ်ပါလိမ့်မယ်။
အရည်အိတ်ရဲ့ အရွယ်အစားဟာ ၄ စင်တီမီတာထက် ပိုကြီးရင်တော့ ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။
- CT သို့မဟုတ် ultrasound ကနေ ဂိုက်လုပ်ပြီး အပ်နဲ့ပိုက်ထည့်ကာ အရည်တွေကိုစုပ်ထုတ်တာ
- အရည်အိတ်တစ်ခုလုံးကို ထုတ်တာ
- အရည်အိတ်ရှိတဲ့ အသည်းအစိတ်အပိုင်းကို ထုတ်တာ
- ကင်ဆာရှိတဲ့အရည်အိတ်ဖြစ်ပြီး အသည်းကအလုပ်မလုပ်တော့ရင် အသည်းအစားထိုးတာ စသဖြင့် ရောဂါအခြေအနေပေါ် မူတည်ပြီး လုပ်လို့ရပါတယ်။
အများစုက မွေးရာပါဖြစ်လို့ ကာကွယ်လို့ မရသလို လက္ခဏာမပြတာလည်း များတာမို့ အရမ်းလည်းစိတ်ပူဖို့မလိုဘဲ မိမိမှာ အသည်းအရည်အိတ်ရှိနေတာ သိခဲ့ရင်လည်း ပိုကြီးလာသလား၊ လက္ခဏာပြသလား၊ ကင်ဆာဖြစ်နိုင်ခြေရှိလား စောင့်ကြည့်ပြီး ကုသဖို့ လိုမလိုကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ရေးသားသူ - ဒေါက်တာ ယဉ်ရွှေရည်
Kyaw win Tun 02 Apr 2023 |
ဖြစ်နေတာ ၃နှစ်ကျော်ပြီး အသည်းရေအိတ်ဘာဆေးသောက်ရမလဲ ဆရာ size 3•5cm ကျေးဇူးပြုပြီးပြောပြပေးပါ
Kyaw win Tun 02 Apr 2023 |
ဖြစ်နေတာ ၃နှစ်ကျော်ပြီး အသည်းရေအိတ်ဘာဆေးသောက်ရမလဲ ဆရာ size 3•5cm ကျေးဇူးပြုပြီးပြောပြပေးပါ